Thursday, December 29, 2011

နက္ခတ္တဗေဒ ပညာရှင်တို့၏ ကမ္ဘာပျက်ဟောကိန်းများ

နက္ခတ္တဗေဒ ပညာရှင်တို့၏ ကမ္ဘာပျက်ဟောကိန်းများ (ရဲမြင့်သိန်း)



စာရေးသူ၏အမှာ

ကမ္ဘာကြီးမည်သည့်အချိန်ချုပ်ငြိမ်းသွားမည်နည်း။
ကမ္ဘာကြီး၏ နိဂုံးတွင် ဘာတွေဖြစ်လာမည်နည်း။
လူသားတိုင်း စိတ်ဝင်စားမည့် မေးခွန်းများပင်။
လူဟူသော လောကသားသည် သူနှင့် သူ့အပေါ်မှီတွယ်နေသူများ အပေါ်တွင်လည်းကောင်း၊ တစ်ဖန်သူက မှီတွယ်နေရသော ပတ်ဝန်းကျင် အပေါ်တွင် လည်းကောင်း အလွန်သံယောဇဉ် အတွယ်အတာကြီးမားကြလေသည်။

လူသည် သူ၏ ‘လူ့ဘဝ’ ဟူသော ကာလအပိုင်းအခြားကလေးအတွင်း သူနှင့် သူ့အသိုက်အဝန်းအတွက် မနေမနား ရုန်းကန်လှုပ်ရှားနေမှုဖြင့် သူ၏ သံယောဇဉ် အတိုင်းအဆကို ဖေါ်ပြလျက်ရှိသည်။ သူနှင့် သူတွယ်တာရာ အသိုက် အဝန်းကလေးအပေါ် ကျရောက်လာမည့် အန္တရာယ်နှင့် ပတ်သက်လျင်လည်း သတိကြီးစွာ ထားလေ့ရှိပြန်သည်။ ဤအချက်ကပင် ကမ္ဘာလောကကြီး ချုပ်ငြိမ်းသွားမည့် အရေးကို မည်မျှသောကထားကြောင်း သမိုင်းတစ်လျောက် မှတ်တမ်းဖြစ်စေခဲ့သည်။

ခရစ်နှစ်များမတိုင်မီ ရှေးခေတ်ကာလများက ကမ္ဘာကြီး အန္တရာယ်ကြုံရမည့် ကိစ္စသည် အမျိုးမျိုးသော နတ်ကြီးများ၏ လူတို့အပေါ် ပြစ်ဒဏ်ခတ်မည့် ကိစ္စဟု ယူဆခဲ့ကြသည်။

နောက်ပိုင်းတွင် ယနေ့ထင်ရှားဖြစ်ထွန်းနေသော ဘာသာတရားတို့၏ အဆုံးအမများအပေါ် လူတို့က သူလိုရာ ကောက်ချက်ဆွဲပြီး ကမ္ဘာပျက်ကောလဟာလများ မကြာခဏ ထုတ်လွှင့်ခဲ့ကြသည်။

ဂြိုဟ်၊ နက္ခတ်၊ တာရာတို့အား စိတ်ဝင်စားလာကြခြင်းနှင့် လူသား၏ ကံကြမ္မာအပေါ်မျှော်လင့်ခြင်းတို့ ပေါင်းစပ်ရာမှ နက္ခတ်ဗေဒင်ပညာသည် ဘာသာအရားအသီးသီး အယူဝါဒ အသီးသီးမှ လူအများ၏ အားထားရာ ပညာရပ်ကြီး တစ်ခုအဖြစ် ထင်ရှားလာခဲ့ပြန်သည်။

စကြဝဠာတို့၏ ဖွဲ့စည်းနေပုံ၊ လှုပ်ရှားနေပုံတို့ကို ပိုမိုတိကျစွာနှင့် ကျယ်ပြန့်စွာ သိရှိလာရသော နှောင်းခေတ်များတွင် ကမ္ဘာကြီးပျက်ယွင်းသွားမည်ကို တွေးပူနေမှုများသည် နတ်ဘုရားများက ပြစ်ဒဏ်ခတ်မည်ဟူသော အယူအဆ၊ ဂြိုဟ်နက္ခတ်များက လူသားကံကြမ္မာကို ဖန်တီးနေသည်ဟူသော ‘ယုံကြည်မှုလွန်’ အယူအဆများမှ သွေဖီလာကြောင်း တွေ့ရပြန်ပါသည်။

တနည်းအားဖြင့် ကမ္ဘာကြီး ပျက်ယွင်းသွားမည့်အရေး တွေးပူမှုများသည် ရုပ်ပိုင်း သိပ္ပံပညာရပ် အယူအဆများဆီသို့ ပြောင်းရွှေ့အခြေစိုက်လာခဲ့ပြန်၏။

နက္ခတ္တဗေဒပညာရပ်အား ထဲထဲဝင်ဝင် တူးဖော်နှိုက်ထုတ်နိုင်ခဲ့ရာမှ ကမ္ဘာပျက်မည့်အရေး စိုးရိမ်မှုများသည် စကြဝဠာအတွင်း၌ ကမ္ဘာကြီးနှင့်အတူ ဖွဲ့စည်းလှုပ်ရှားနေကြသော ကြယ်တံခွန်များ၊ ဂြိုဟ်များ၊ ဥက္ကာခဲများ၊ ကြယ်ကြီးများဆီသို့ အာရုံပြောင်းရွှေ့သွားပြန်လေသည်။

စကြ၀ဠာဘေးဆိုးကြီးများကြောင့် ကမ္ဘာကြီး အန္တရာယ်ဖြစ်ရန် အလားအလာ အရှိဆုံးဟု ယူဆလာကြသည်။ တစ်ချိန်တည်းတွင် လူသားတို့ဖန်တီးထားသော ကမ္ဘာဖျက်လက်နက်များနှင့် စစ်မှုရေးရာ ကိစ္စများသည်သာ ကမ္ဘာကြီးအား အမှန်တကယ် ပျက်စီးစေမည့် အဖြစ်နိုင်ဆုံး၊ အနီးစပ်ဆုံး အန္တရာယ်အဖြစ် အသိအမှတ်ပြုသူများလည်း ရှိလာပြန်သည်။

သို့သော် လူကောင်းဖြစ်စေ၊ လူဆိုးဖြစ်စေ တစ်ခါတစ်ရံ မတော်တဆစိတ်ရိုင်းဝင်မိသည်မှ လွဲ၍ “လူသားဆန်သော အခြေခံစိတ်” ရှိသူများချည်းသာ ဖြစ်သည်ကို မငြင်းနိုင်ပါ။ ထို့ကြောင့် လူသားသည် သူ၏ကမ္ဘာကြီးကို တမင်ဖျက်ဆီးပစ်လိမ့်မည်တော့ မဟုတ်ပါ။

ထိုအယူအဆကြောင့်ပင် ကမ္ဘာကြီးပျက်စီးမည့်အရေး တွေးပူမှုများသည် ပိုမိုပြည့်စုံလာသော အသိဉာဏ်ပညာတို့၏ ပဲ့ကိုင်မှုဖြင့် တဖြည်းဖြည်း သောကအေးလာသည်။ ရှေးကကဲ့သို့ သွေးရူးသွေးတမ်း ကြောက်ရွံ့မှုမျိုး မတွေ့ရတော့။ တည်ငြိမ်လာသည်။

တည်ငြိမ်လာသည်ဆိုသော်လည်း ဗီဇစိတ်ကြောင့် ကြောက်ရွံ့မှုကား ပျောက်ပျက်မသွားခဲ့ပါ။
အနန္တစကြဝဠာအတွင်းရှိ ဤကမ္ဘာကြီး အပါအဝင် ကြယ်များဂြိုဟ်များအားလုံးသည် “သဘာဝအတိုင်း ယိုယွင်းပျက်စီးမှု” ဟူသည့် အယူအဆတစ်ခုဆီသို့ အကြောင်းပြကူးပြောင်းလာခြင်းဖြစ်၍ ဘာသာတရား အသီးသီး၊ အရောင်အသွေးအသီးသီး၊ ဇာတိဒေသအသီးသီးမှ လူအားလုံးတို့က အမှန်တရားအဖြစ် ၀န်ခံကြရတော့သည်။ အကောင်းမြင်ဝါဒီတို့ကလည်း လက်ခံသည်။ မှန်ပါသည်။ သို့သော် သဘာဝအတိုင်း တစ်နေ့နေ့တစ်ချိန်ချိန်တွင် ပျက်ယွင်းရမည့် အရာအားလုံးသည် သဘာဝတရားကြီးက ပေးအပ်ထားသော စည်းကမ်းစနစ်ကို လိုက်နာဖြစ်ထွန်းနေကြခြင်းသာဖြစ်၍ သဘာဝတရားကြီးက သတ်မှတ်ပေးထားသော “သက်တမ်း” တစ်နည်းအားဖြင့် “ဘဝ” ဟုခေါ်သည့် အချိန်အပိုင်းအခြား တစ်ခုရှိနေသေးသည်ကို ထောက်ပြကြသည်။

ဤကမ္ဘာကြီး အပါအဝင် ဤစကြစဠာကြီး၏ “သက်တမ်း” အတွင်း မှီတင်းနေကြကုန်သော လူသားတို့၏ “ဉာဏ်ပညာပါရမီ” နှင့် စကြဝဠာ “သက်တမ်းအချိန်” တို့ကို ပေါင်းစပ်ပြီး လူသားတို့သည် “တရွေ့ရွေ့ ပြောင်းလဲခြင်းဖြစ်စဉ်” သဘာဝအတိုင်း အဆင်ပြေအောင် နေထိုင်သွားကြပါလိမ့်မည်ဟု ဆင်ခြေပေးကာ ခြေပကြသည်။

နောက်ဆုံးတွင် ကမ္ဘာကြီးချုပ်ငြိမ်းသွားမည့် အရေးကို တွေးပူကြရင်း၊ ငြင်းခုန်ကြရင်း တူညီသော အတွေးခေါ်တစ်ခုဆီသို့ တညီတညွတ်တည်း ခိုဝင်လာကြသည်။

အရာအားလုံးတို့သည် သဘာဝတရားက ချမှတ်ထားသော “စနစ်” တစ်ခုကို စည်းကမ်းတကျ လိုက်နာနေရင်းမှ “ဖြစ်” နေရင်း “ပျက်” နေသည်၊ “ပျက်” နေခြင်းသည်လည်း နောက်ထပ် “ဖြစ်” ခြင်းဟူသော “မွေးဖွား” ခြင်းတစ်ခုအတွက် ပံ့ပိုးနေခြင်း “အကြောင်းခံ” နေခြင်းသာ ဖြစ်သည်ဟူသည့် “သံသရာ အယူအဆ” ဆီသို့ အတွေးအခေါ်ပိုင်း “ခိုဝင်” လာကြသည်ကို တွေ့ရပါသည်။

သို့ဖြင့် “အလုံးစုံပျက်ယွင်းခြင်း” သို့ရှေးရှုသည့် အတွေးအမြင်များသည် နောက်ဆုံးတွင် “သံသရာအယူအဆ” ဆီသို့ “တိမ်းညွှတ်ခိုဝင်” လာနေပြီဟု ဆိုလိုပါသည်။

စာရေးသူအနေဖြင့် ကမ္ဘာပျက်မည့် အရေးတွေးပူမှုများသည် အတွေးအခေါ်ရူးသွပ်ခဲ့ရသည် အထိ ကောလဟာလဖြစ်ခဲ့ပုံများမှ စတင်၍ ခေတ်အဆက်ဆက် ဤစကားလုံးများ ဖြတ်သန်းလာခဲ့ပုံကို ပညာရှင်တို့၏ စကားအထောက်အထား၊ အချိန်ကာလ အထောက်အထား၊ မှတ်တမ်းများဖြင့် စီချယ်မှတ်တမ်း ပြုထားပါသည်။

ဖြစ်ခဲ့ပြီးသော သမိုင်းအထောက်အထားများကို အရှိအတိုင်း ကိုးကားဖော်ပြရင်း၊ ပညာရှင်းတို့၏ အနာဂတ်မှန်ဆချက်များကိုပါ အရှိအတိုင်း မျှတစွာ စုစည်းဖော်ပြအပ်ပါသည်။
လူသားကမ္ဘာကြီး၏ နိဂုံးဟူသည်ကား အဘယ်နည်း။
စာရှုသူအပေါင်း၏ အတွေးအမြင် အသီးသီးကို နက္ခတ္တဗေဒပညာရှင်တို့၏ ကမ္ဘာနိဂုံးဟောကိန်းများထဲတွင် အဖြေရှာကြည့်ပါအံ့။
ရဲမြင့်သိန်း















အခန်း (၁)
ရှေးဦးကာလကမ္ဘာ့နိဂုံးဟောကိန်းများ

ကမ္ဘာကြီးမည်သည့်အချိန် ပျက်စီးမည်နည်းဟူသည့် သတင်းစကားစုသည် ရှေးကသာမန်လူအများ သိခွင့်မရှိသော တော်ဝင် လျှို့ဝှက်ချက်တစ်ခုဖြစ်သည်ဆိုက အံ့သြကြမည်ထင်ပါသည်။

ဤစကားစုမှာ ယခုအခါလူတိုင်း သိနားလည်ခွင့်ရှိသော စကားစုဖြစ်နေ၍ အံ့သြစရာမရှိဟု ထင်ကြမည်ဖြစ်သော်လည်း လွန်ခဲ့သည် ၁၀ ရာခုခေတ်က ဘုရင်နှင့် တော်ဝင်အတိုင်ပင်ခံ လူတစ်ခုတို့သာလျှင် သိခွင့်ရှိသော သတင်းစကားမျိုးဖြစ်ခဲ့သည်မှာ အမှန်ပါတည်း။

အတိတ်က ကမ္ဘာကြီး ပျက်စီးတော့မည် ဟူသည့်ဟောကိန်းများ အဖန်တလည်းလည်းပေါ်ခဲ့ဖူးသည်။ သို့သော် ဟောကိန်းများ အကြိမ်ကြိမ်လွဲခဲ့ပြီး ယနေ့ကမ္ဘာကြီးသည် ဝင်ရိုးပေါ်တွင် လည်မြဲလည်လျက် စကြဝဠာခရီးရှည်ကြီးကို သွားမြဲ သွားနေဆဲ။

သို့တိုင်အောင် ရှေးအတီတေကစ၍ ယခုတိုင် ကမ္ဘာပျက်ဟောကိန်းများကို အနောက်တိုင်းတွင် သမ္မာကျမ်းစာပါ အချက်အလက်များကို ကိုးကား၍ လည်းကောင်း၊ နက္ခတ်ဗေဒင်အယူအဆဖြစ်သော ပါပဂြိုဟ်ဆိုးများ စိုးမိုးချိန်ကို ခန့်မှန်း၍ လည်းကောင်း၊ သိပ္ပံပညာရှင်များ၏ စကြဝဠာဘေးဆိုးကြီးများ သင့်မည့်အချိန်ကို ခန့်မှန်း၍လည်းကောင်း၊ ဟောကိန်းထုတ်နေကြတုန်းပင်။ မည်သို့ဆိုစေ လူသည် သူနေထိုင်ရာ ကမ္ဘာကြီးနှင့်သူ၏ ပျက်စီးမည့်အရေးမှာလည်း လူတို့၏ စိတ်ဝင်စားဖွယ်ရာ အကောင်းဆုံးကိစ္စပင် ဖြစ်နေသေးသည်။

ယခုခေတ် သိပ္ပံပညာရှင်တို့၏ ကမ္ဘာပျက်ဟောကိန်းများကို မဖော်ပြမီ မှတ်တမ်းတင်ဖြစ်ခဲ့သော သမိုင်းတစ်လျှောက်မှ ကမ္ဘာပျက်ဟောကိန်းများကို စိတ်ဝင်စားဖွယ်ရာ ဖေါ်ပြလိုပါသည်။ ဟိုတစ်ခေတ်က ဟောကိန်းများသည် စိတ်ဝင်စားဖွယ်ရာ ကောင်းသကဲ့သို့ အံ့သြရယ်မောဖွယ်ရာ ဟောကိန်းများလည်း ဖြစ်ခဲ့သည်။

ထိုခေတ်က အနောက်တိုင်းတွင် ခရစ်ယာန်အယူဝါဒပေါ်ထွန်းလာကာစ အချိန်လောက်ကစ၍ ခရစ်ယာန်ဘာသာဝင်တို့၏ အဆိုအရ ဤကမ္ဘာကြီး ပျက်စီးမည့်အချိန်မှာ ထာဝရဘုရားသခင်၏ လက်တွင်း၌ ရှိသည်ဟု ယူဆကြသည်။

ထိုအချိန်တွင် ရောမပြည်ကြီး၌ ဝမ်းနည်းဖွယ်ရာ အဖြစ်ဆိုးတစ်ခု ကမ္ဘာပျက်ကောလဟာလကြောင့် ကြုံတွေ့ခဲ့ရသည်။ ရောမပြည့်ရှင် နီရိုကလောဒီးယပ်စ်ဆီဇာဒရူးဆက် ဂျာမေနိကပ်စ် (အေဒီ - ၃၇ - ၆၈ ခုနှစ်) လက်ထက်ကဖြစ်သည်။ အေဒီ ၆၄ ခုနှစ်တွင် ရောမမြို့၌ မီးအကြီးအကျယ်လောင်သောအခါ ရောမဘုရင်ကြောင့်ဟု အယူသီးသူများက စွပ်စွဲခဲ့ကြသည်။ ဤစွပ်စွဲချက်ကို ဖုံးလွှမ်းသွားနိုင်ရန် ရောမပြည့်ရှင် နီရိုက ခရစ်ယာန်ဘာသာဝင်များ ပေါ်ပေါက်လာမှုကြောင့် ယခုလိုဖြစ်ရသည်ဟု တန်ပြန်စွပ်စွဲကာ ခရစ်ယာန်ဘာသာဝင် အမြောက်အများကို သေဒဏ်ပေးခဲ့လေသည်။

ဘုရင်၏ စွပ်စွဲချက်မှာ ယခုမှ ပေါ်လာသော အယူလွဲသူများကြောင့် ကမ္ဘာပျက်ကပ်ဘေးများ ဆင့်ကဲဆင့်ကဲ ရောက်လာ နိုင်သည်ဟူ၍ ဖြစ်ပါသတည်း။

အလားတူ ကမ္ဘာပျက်ကောလဟာလကြောင့် နှိပ်ကွပ်သုတ်သင်မှုများ၊ သဘာဝကပ်ဘေးများ အတော်များများသည် ခရစ်နှစ် ၆၄ ခုနှစ်မှ ၇၀ ခုနှစ်အတွင်း ပေါ်ပေါက်ခဲ့ရသည်။

မရေမတွက်နိုင်သော အံ့သြတုန်လှုပ်ဖွယ်ရာ အကြောင်းအရာများတွင် ကြယ်တံခွန်များ ပေါ်ပေါက်ခဲ့ခြင်း၊ ဥက္ကာပျံများ အကြီးအကျယ်ကျခဲ့ခြင်း၊ နေလကြတ်ခြင်းများ၊ လူအများအချင်းချင်း သတ်ဖြတ်မှုများအပါအဝင် မတော်တဆ သေပျောက်မှုများ နေရာအနှံ့ ပေါ်ပေါက်ခဲ့ခြင်း၊ မြေငလျင်ကြီးများ ထူးခြားစွာပေါ်ပေါက်ခဲ့ခြင်း၊ ရောဂါကပ်ဆိုးများ ပေါ်ပေါက်ခဲ့ခြင်းတို့ ထူးခြားတိုက်ဆိုင်စွာ ထိုကာလအတွင်း၌ ကြုံတွေ့ခဲ့ကြရသည်။

ထိုကာလအတွင်း၌ပင် ဂျူးနှင့်ရောမတို့ အကြီးအကျယ်စစ်ဖြစ်ပြီး ကမ္ဘာ့အထင်ရှားဆုံး ဂျေရုဆလင်မြို့တော်ကြီး ဖျက်ဆီးခြင်း ခံခဲ့ရသည်။
အေဒီ ၆၃ ခုနှစ်တွင် ကြီးကျယ်ခန်းနားလှသော နာမည်ကျော်ပွန်အေဒီမြို့တော်ကြီး ငလျင်လှုပ်မှုကြောင့် မြေတွင်ပြားပြားဝပ်ခဲ့ရသည်။

မြို့သူမြို့သားတို့၏ လုံ့လဝီရိယကြောင့် ပြန်လည်စည်ကားလာသော ပွန်ပေအီမြို့တော်ကြီးသည် အေဒီ ၇၉ ခုနှစ်တွင် ဗီဆူးဗီးယပ်မီးတောင်ကြီး ပေါက်ကွဲပြီး ချော်ရည်များဖုံးလွှမ်းသားမှုကြောင့် ကမ္ဘာသမိုင်းတွင် မကြုံစဖူးထူးကဲသော ကံဆိုးမိုးမှောင်ကျမှုကြီး ထပ်မံ၍ ဖြစ်ပွားခဲ့ရပြန်လေသည်။


ဘာသာအယူဝါဒကို အကြောင်းပြုသော ဟောကိန်းများ
ထိုအချိန်တွင် သတိပေးချက်အများအပြားပေါ်ပေါက်ခဲ့သေးသည်။ တစ်ကျိပ်နှစ်ပါးသော ယေရှုခရစ်၏ သ၀ကများထဲက တစ်ဦးဖြစ်သူ သာသနာပြု ရှင်ယောဟန်ရေးခဲ့သည်ဆိုသော သမ္မာကျမ်းအလိုအရဟုဆိုကာ လူအချို့က ကောလဟာလ ထုတ်လွှင့်ကြသည်။ အေဒီ ၆၉ ခုနှစ်၌ ခရစ်တော်ဒုတိယအကြိမ် ပြန်လာလိမ့်မည်။ ထိုအချိန်၌ လူသားမျိုးဆက် တစ်ခုလုံး ပျက်သုန်းသွားလိမ့်မည်ဟု သတိပေးဖေါ်ပြခဲ့သည်။

သို့သော်ကမ္ဘာကြီးကား အဆုံးသတ်မသွားခဲ့ပါ။ ကြောက်မက်ဖွယ်ကောင်းသော ဂျူးလူမျိုးရေး စစ်ပွဲကြီးကလည်း ပြီးဆုံးခဲ့ပြီ။ ခရစ်ယာန်များကို ဒိဌိများဟု စွပ်စွဲသတ်ဖြတ်ခဲ့သူ ရောမပြည့်ရှင် နီရိုဘုရင်ကြီးလည်း အာဏာအလွဲသုံးစားမှုကြောင့် ဖယ်ရှားခံရပြီး ရောမမြို့မှ လေးမိုင်ခန့်ဝေးသော အိမ်တစ်အိမ်တွင် ပုန်းရှောင်နေရင်း ဘဝနိဂုံးချုပ်ခဲ့ရပြီး ဖြစ်သည်။

သဘာဝတရားက ကမ္ဘာပျက်မည်ဆိုသော စကားကိုကောင်းစွာသက်သေမပြနိုင်ခဲ့သေးသော်လည်း ကမ္ဘာပျက်မည်ဆိုသော ယုံကြည်ချက်သည် တစ်နှစ်ပြီးတစ်နှစ် ရာစုတစ်ခုပြီးတစ်ခု မတိမ်ကောမပပျောက်ဘဲ တည်ရှိနေခဲ့ပါသည်။ တစ်ခါတစ်ရံဖြစ်လေ့ရှိသော သဘာဝဘေးအန္တရာယ်များကိုလည်း လက်ညှိုးထိုးကာ ကမ္ဘာပျက်မည့် သဘာဝဘေးအန္တရာယ်ဆိုးကြီး၏ ရှေ့တော်ပြေးသဖွယ် လူအများ၏ သတ်မှတ်ခြင်းခံရသည်လည်းရှိသည်။ ဘာသာတရားအမျိုးမျိုး၏ တရားဟောဆရာများကလည်း လူအများ၏ စိုးရိမ်ကြောင့်ကြမှုအပေါ် အခွင့်ကောင်းယူ၍ ထင်ရာမြင်ရာ ကောလဟာလထုတ်လွှင့်ကြသည်လည်း ရှိခဲ့သည်။

နောက်ထပ်ရာစုနှစ်တစ်ခုပြီးတစ်ခု မျိုးဆက်များတစ်ခုပြီးတစ်ခု ကျော်လွန်လာခဲ့ပြီးနောက် တစ်ဖန်ပြန်၍ ကမ္ဘာပျက်မည့် ယုံကြည်ချက်များကို အသစ်တဖန် သတ်မှတ်လာကြပြန်သည်။

ကမ္ဘာပျက်မည့် အချိန်ကို ခရစ်နှစ် ၁၀၀၀ ပြည့်နှစ်အတွင်း ဖြစ်မည်ဟု ခန့်မှန်းခဲ့ပြန်ပါသည်။ ထိုခေတ်ဂိုဏ်းဂဏအတော်များများက ခရစ်တော်သည် သူတော်စင်များနှင့်အတူ တရားစီရင်မည့်နေ့မတိုင်မီ နှစ်ပေါင်းတစ်ထောင်ခန့် အုပ်စိုးဦးမည်ဟု ထိုအချိန်က ယုံကြည်နေကြ၏။

ပထမဂျာမန်ရှေ့ဖြစ်ဟော ဆရာတစ်ဦးဖြစ်သူ ဘားနဒ်သည် သမ္မာကျမ်းစာထဲမှ စကားလုံးများကို ပြဌာန်းစာအုပ်အဖြစ် အသုံးပြုပြီး ခရစ်နှစ် ၉၆၀ တွင် ဟောပြောခဲ့ရာ၌ ကမ္ဘာပျက်မည့်နေ့ကြီး နီးလာပြီဖြစ်ကြောင်း ဟောပြောခဲ့သဖြင့် ဥရောပ၌ အကြီးမားဆုံး သတိပေးချက်ကြီး ဖြစ်ခဲ့ပြန်လေသည်။ သူ၏ ကမ္ဘာပျက်မည့်နေ့သည် တမန်တော် ဂါဗြေလက မယ်တော်မာရီအား ခရစ်တော်ဖွားမြင်မည့်အကြောင်းကို ကြားသိစေခဲ့သည့် နေ့ထူးနေ့မြတ်သောကြာနေ့နှင့် တစ်ရက်တည်းကျရောက်မည်ဟု သတ်မှတ်ခဲ့သည်။ သူ၏ ဟောကိန်းသည် ခရစ်နှစ် ၉၉၉ ခုနှစ်တွင် တိုက်ဆိုင်မှုကြီး ဖြစ်ပွားခဲ့၏။

ခရစ်နှစ် ၉၉၉ ခုနှစ်တွင် နေရာအနှံ့မှ ရောက်လာသော ဘုရားဖူးလူအုပ်ကြီးများသည် ဂျေရုဆလင်မြို့သို့ ဝင်ရောက်ခဲ့ကြပြီး နောက်ဆုံးတရား စီရင်မည့်နေ့ကို ခံယူရန် စောင့်ဆိုင်းနေခဲ့ကြလေသည်။ ခရစ်နှစ် ၁၀၀၀ ပြည့်နှစ်တွင်မူ ဘုရားဖူးလူအုပ်ကြီးများ အံ့သြဖွယ်ကောင်းလောက်အောင် ရောက်ရှိလာတော့၏။ လူအများစုကြီးသည် သူတို့ပိုင် ခြံမြေများ၊ အဆောက်အဦး စည်းစိမ်ဥစ္စာများကို ရောင်းပစ်ကြပြီး တရားစီရင်ခံမည့်နေရာသို့ အပြေးအလွှားရောက်လာကြ၏။ အချို့ကလည်း ဘဝအနာဂတ် ပျောက်ပြီဟု ယူဆကာ လိုချင်သူယူရန် ပေးလှူခဲ့ကြ၏။ ထိုအတောအတွင်း မိုးကြိုးမုန်တိုင်းများး ပြင်းထန်ခြင်းနှင့် ဥက္ကပျံကြွေခြင်းတို့ကလည်း အထူးများပြားခဲ့ရာ ဘုရားဖူများခြေဦးတည့်ရာ ပြေးကြပြန်သဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်ကြရပြန်သည်။

ပြင်သစ်နိုင်ငံ ကိုဘေးမြို့နေ ခရစ်ယာန်ဘုန်းတော်ကြီး တစ်ပါးဖြစ်သူ ဒရုသ်မာကလည်း ခရစ်နှစ် ၁၀၀၀ ပြည့်နှစ် မတ်လ ၂၄ ရက်နေ့တွင် ကမ္ဘာကြီးပျက်စီးသွားမည်ဟု ဟောကိန်းထုတ်ထားရာ ဥရောပတွင်လည်း ဝရုန်းသုန်းကား ဖြစ်လျက်ရှိသည်။ အကြမ်းဖက်မှုများ၊ နေမထူးသေမထူးဟု ယူဆသူများက ဥပဒေဘောင်အပြင်ဘက်မှ သောင်းကျန်းချင်တိုင်း သောင်းကျန်းလျက် ရှိနေတာ့၏။

ညသန်းကောင်ယံ မတိုင်မီ သူတော်စင်တို့၏ အောက်မေ့ဖွယ် ပစ္စည်းများ၏ ရှေ့မှောက်နှင့် လက်ဝါးကပ်တိုင်ခြေရင်းတို့တွင် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ရောက်နေသူများကလည်း အများအပြားပင်။ လူအတော်များများကလည်း ဘုန်ကြီးကျောင်းများသို့ ရှိသမျှပစ္စည်းအားလုံး လှူဒါန်းပြီး ကုသိုလ်ယူကြပြန်သည်။

ကမ္ဘာပျက်ဟောကိန်း၏ ဂယက်များကြောင့် ကြားကြားသမျှ လူအားလုံးသည် အလုပ်မလုပ်ကြတော့ပေ။
ရှိသမျှ ပိုင်သမျှ ပစ္စည်းအားလုံးလည်း ပေးလှူပစ်ကြပြီ။ ဘုရားကျောင်းများတွင်သာ ကြိတ်ကြိတ်တိုးစောင့်စားနေကြ၏။ ရက်ကြာလာသောအခါ ကူးစက်ရောဂါ ဘေးဆိုးကြီးများ ဝင်လာခဲ့လေသည်။

ထို့နောက် အငတ်ဘေးဆိုးကြီး ဆိုက်ခဲ့ပြန်၏။ သို့နှင့် ၁၀ ရာစု၏ နိဂုံး၊ ၁၁ ရာစု၏ နိဒါန်းနှစ်များသည် ကမ္ဘာပျက်ကောလဟာလကြောင့် အရှေ့အလယ်ပိုင်းဒေသနှင့် ဥရောပတစ်ခွင်တွင် အမှန်တကယ် ကမ္ဘာပျက်သည့်အလား ဖရိုဖရဲ ပရမ်းပတာ ကြောက်မက်ဖွယ်ရာနှစ်များ ဖြစ်ခဲ့လေသည်။

ကမ္ဘာမြေသားထုကြီး ပျက်စီးခြင်း အလျဉ်းမရှိခဲ့သော်လည်း ကမ္ဘာပျက်ဟောကိန်းများကြောင့် ဖြစ်ရသော ဒုက္ခပေါင်းစုံတို့၏ နိဂုံးကိုကား မြင်တွေ့နေရသည်။ ထိုနိဂုံးကား မျှော်လင့်ခြင်းနှင့် ဝမ်းနည်းဖွယ်အချိန်တို့၏ အကြမ်းဖက်မှုမျိုးစုံကို လူသားတို့ ခံစားလိုက်ရခြင်းပင်တည်း။ ခရစ်နှစ် ၁၀၀၀ ပြည့်နှစ်ကို ကျော်လွန်ခဲ့သောအခါတွင် စွန့်လွှတ်လှူဒါန်းခြင်း၏ ရလဒ်များကို အကောင်းဘက်တွင် တွေ့ခဲ့ကြရ၏။

အနောက်ကမ္ဘာတစ်လွှားရှိ ခရစ်ယာန်ဝတ်ကျောင်းများသည် လှူဒါန်းမှုအဝဝကြောင့် အသစ်အသစ်တို့ဖြင့် ပြည့်ဝနေကြလေသည်။ အထူးသဖြင့် အီတလီနှင့် ဂေါလ်ဒေသ တစ်လွှားတွင် ဆန်းသစ်သော ခရစ်ယာန်ကျောင်းများကို တောရောမြို့ပါ လက်ညှိုးထိုးမလွဲ ကြည့်ညိုဖွယ်မြင်တွေ့နေကြရလေသည်။

ကြမ္မာငင်ခဲ့သော ခရစ်နှစ် ၁၀၀၀ သည် အတိတ်တွင် ကျန်ရစ်ခဲ့ပြီ ဆိုသော်လည်း မသေချာမရေရာသော ကမ္ဘာပျက်မည့် အရေးပြဿနာကား ကျန်ရှိနေသေးသည်။ နက္ခတ်ဗေဒင် ကျွမ်းကျင်သူဆိုသူများ၊ အနာဂတ်ဟောဆရာဆိုသူများနှင့် နတ်ဝင်သည်ဆိုသည်များသည် ဤအယူဆကို ထပ်မံရေလောင်းပေါင်းသင်ပြီး လူတို့၏ စိတ်ထဲတွင် ဆက်လက်ရှင်သန်နေစေခဲ့သည်မှာ ယနေ့အထိပင်ဖြစ်ပေသည်။


နက္ခတ်ဗေဒင်ကို အကြောင်းပြုသော ဟောကိန်းများ
၁၁၈၆ ခုနှစ်တွင် နက္ခတ်ဗေဒင်ပညာရှင်များသည် နက္ခတ်ကြယ်စုတို့၏ ထူးခြားသော ဖြစ်ရပ်တစ်ခုကို မူတည်၍ ကမ္ဘာပျက်ဟောကိန်း ထုတ်ကြပြန်ပါသည်။ ဥရောပတစ်ခွင် တုန်လှုပ်သွားပြန်၏။ အရှေ့အလယ်ပိုင်းဒေသ ဂျူး၊ အာရပ်နှင့် ခရစ်ယာန်ဘာသာဝင်များကြားတွင်လည်း ၁၁၈၆ ခုနှစ် စက်တင်ဘာလတွင် မုန်တိုင်းအကြီးအကျယ် ကျရောက်မည်၊ ငလျင်လှုပ်မည်၊ ပုန်ကန်မှုများပေါ်မည်၊ တိုင်းပြည်များအတွင်း အဖျက်လုပ်ရပ်များနှင့် တော်လှန်မှုများ ကြုံရမည်။ လူများ အကြီးအကျယ်သေကြေကြလိမ့်မည်ဟု ဟောကိန်းများ ပျံ့လွင့်လျက်ရှိသည်။ တကယ်တော့ ဖြစ်မလာခဲ့ပါ။

၁၁၉၈ ခုနှစ်တွင် လူအများထံ သတိပေးချက်တစ်ခုလည်း ပေါ်ထွက်လာသေးသည်။ ”ခရစ်တော်ကို ဆန့်ကျင်မည့်သူတစ်ဦးသည် ဘေဘီလုံမြို့တွင် မွေးဖွားလာသည့်အခါ လူသားမျိုးနွယ်တစ်ခုလုံး ဖျက်ဆီခံရလိမ့်မည်။” ဟူသော ကောလဟာလဖြစ်၏။

အလားတူ ၁၄၀၆ ခုနှစ်တွင် နေကြတ်သောအခါ ပြင်သစ်နိုင်ငံတွင် ရုတ်ရုတ်သဲသဲ ဖြစ်ကြပြန်၏။ လူအများက ကမ္ဘာပျက်တော့မည်ဟူ၍ ထင်မြင်ကာ ဘုရားကျောင်းများတွင် ခိုလှုံခဲ့ကြပြန်သည်။

ဥရောပတွင် နာမည်ကြီး ကျူဘင်ဇန် တက္ကသိုလ်မှ နက္ခတ္တဗေဒ၊ ပထဝီနှင့် သင်္ချာပါမောက္ခဂျာမန်လူမျိုး ဂျိုဟန် စတော့ဖလာ (၁၄၅၂-၁၅၃၁) က ၁၅၂၄ ခုနှစ်တွင် ကမ္ဘာကြီး ရေလွှမ်းမိုးခံရနိုင်သည်ဟု ဟောကိန်းထုတ်လိုက်ပြန်သည်။

သူ၏ ဟောကိန်းအရ၊ ထိုနှစ် ဖေဖော်ဝါရီလတွင် စနေဂြိုဟ်၊ အင်္ဂါဂြိုဟ်နှင့် ကြာသပတေးဂြိုဟ်တို့သည် ငါးနက္ခတ်ကြယ်စုနှင့် ပူး၍ မြင်ခြင်းကြောင့်ဟုဆိုကာ ရေလွှမ်းမိုးမည့် ဟောကိန်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထိုသတင်းစကားကို ရရှိခဲ့ကြသော ဥရောပ၊ အာရှနှင့် အာဖရိကတို့မှ လူများအကြောက်ကြီး ကြောက်ခဲ့ကြသည်။

၁၅၂၄ ခုနှစ် ဖေဖော်ဝါရီလသို့ ချဉ်းကပ်လာသည်နှင့်အမျှ အနောက်ကမ္ဘာအဝန်း လူသားထုကြီးသည် အကြောက်လွန်မှုမှတဆင့် အတွေးအခေါ် ရူးသွပ်မှုများ တိုးပွားလာလေတော့သည်။

ကုန်သွယ်ရောင်းဝယ်မှုများ ရပ်ဆိုင်းသွား၏။ ရောင်းသူ၊ ဝယ်သူမရှိတော့။ လယ်ကွင်းများတွင် လယ်သမားများ မတွေ့ရတော့။ အလုပ်ရှိသည့် နေရာတိုင်းတွင် ငြိမ်သက်လျက်ရှိသည်။ သွားရေးလာရေး ယာဉ်ရထားတို့ ကင်းမဲ့နေ၏။

ကြောက်ရွံ့တုန်လှုပ်လျက်ရှိသော သူများက စားစရာ၊ ဝတ်စရာ ရသလောက်ပွေ့ပိုက်ပြီး ဘုန်းကြီးကျောင်းများသို့ ခိုဝင်နေကြပြီ။ စိတ်ပျက်အားငယ်လွန်းသူများ ထမင်းမစား၊ ဟင်းမစား၊ ငိုကြွေးနေတော့၏။ ဆင်းရဲသူများက အကြွေးပြန်မဆပ်ကြတော့။ ကျေးကျွန်များကိုလည်း ပိုင်ရှင်တို့က လွှတ်ပေးလိုက်ကြ၏။ ရုတ်တရက် ဝမ်းသာနေကြသည်။ သို့သော် အားလုံးသေကြရမည့်ရက်ဆီသို့ လှည့်ကြည့်ကာ ရုတ်တရက်ဝမ်းသာမှုအပြီး၊ ကပျာကယာ ဝမ်းနည်းကြရပြန်၏။

အပျော်အပါးလိုက်စားသူများကလည်း တစ်မှောင့်။ အရက်ကြိုက်သူများကလည်း တစ်ဝကြီးသော်ပြီး နေချင်သလိုနေ၍ ဘဝကို လွှင့်ပစ်လိုက်ကြ၏။ ထိုအချိန်တွင် ခိုးဆိုးလုယက်သူများ လုံးဝမရှိတော့။ ခိုးစရာမရှိ၊ လုစရာမလို၊ အားလုံး အခမဲ့ရပြီး၊ ပြီးပြည့်စုံသွားကြလေပြီ။

နဂိုဗီဇအရ လောဘကြီးသူမျိုးကိုလည်း တွေ့နေကြရပြန်၏။ သေရမည်မှန်း ခြွင်းချက်မရှိသိနေလျက်က ရရာပစ္စည်းများစုနေကြ၏။ အိုးပစ်အိမ်ပစ်စွန့်ခွာပြီး၊ ဘုန်းကြီးကျောင်းတွင် သွားရောက်၍ ဘဝကို မိသားစုအလိုက် အပ်နှံကြသူများ၏ ပစ္စည်းများကို လောဘကြီးသူတို့က ရလိုက်လေသည်။ ဆင်းရဲသားတို့ကလည်း တိုက်နှင့်တာနှင့် ယာဉ်နှင့်ရထားနှင့် ရက်ရသလောက် ပျော်အောင်နေပြီးမှ အသေခံကြမည်ဟု ဆိုသည်။

ငိုသူငို၊ ပြေးသူပြေး ကာလကြီးထဲတွင် ငိုအားထက် ရယ်အားသန်ရသည့် အဖြစ်မျိုးလည်း နေရာတကာတွေ့နေရပြန်၏။ အငယ်အနှောင်း ရှိသူတို့သည် တရားဝင်ယူလိုက်ကြတော့သည်။ အချစ်ဦးနှင့် ကွဲခဲ့ရပြီး လောကနီတိကို လိုက်နာခဲ့ရသူများက မထူးတော့သောဘဝတွင် အရှက်ကို မြေမြုပ်ပစ်လိုက်ကြ၏။ ချစ်ဦးသူနှင့် ပြန်လည်ဆန်းသစ်ခြင်း ပြုနေကြ၏။ ငယ်ရွယ်သူများက ပိုဆိုးသည်။ ဂုဏ်ဒြပ်ကြောင့် တုံးခုလှမ်းရမည့် အချစ်များသည် နေရာတကာတွင် အဆင်ပြေသွားကြလေသည်။

၂၄ နာရီတရားဟော၊ လူအများကို ကျွေးမွေးနှစ်သိမ့် အားပေးနေကြရသူများကား ဘုန်းတော်ကြီးများပင်တည်း။ ကယ်တင်ခြင်းကို နေရာတကာတွင် ရှေ့ဆောင်ပေးနေရသဖြင့် ဘုန်းတော်ကြီးကျောင်းများ၌ လူပြည့်လျှံနေ၏။ လမ်းဆုံလမ်းခွများတွင် တရားပွဲများက အပြည့်အကြပ်။ ထိုအထဲတွင် မိဘသဘောမတူ၍ လက်မထပ်ရသူများနှင့် ချစ်သူနှင့်ကွေကွင်းရမည်စိုးသူများက လက်ထပ်ပွဲများ အစုလိုက်အပြုံလိုက် ကျင်းပနေကြပြန်သည်။ ဘုန်းတော်ကြီးများက အလိုလိုက်ပေးရရှာသည်။

တရားချမှုအမျိုးမျိုး အစွမ်းရှိသမျှ ပြုလုပ်ပေးနေရ၏။ နှစ်သိမ့်မှု ပုံစံနှစ်မျိုးဖြင့် လူတို့ကို ကယ်တင်ပေးနေရ၏။ သေမထူး၊ နေမထူး အစဉ်အလာစည်းကမ်းကို ပစ်ပယ်သွားကြသူများရှိနေ၍ ဥပဒေနှင့် စည်းကမ်းထိန်းသိမ်းပေးရသည့် အလုပ်ကိုလည်း ဘုန်းကြီးကျောင်းများကပင် ဆောင်ရွက်နေကြရပြန်သည်။ အစိုးရဌာနများသည် အားလုံးလုပ်ငန်းရပ်ဆိုင်းနေကြ၍ ဖြစ်သည်။

အချို့နေရာများတွင် ပွဲအမျိုးမျိုးကျင်းပ၍ ပျော်ပျော်ပါးပါး သေပွဲကျင်းပရန် ဆန္ဒရှိသူများလည်း တွေ့နေရပြန်လေသည်။ ကျေးလက်တောရွာနေသူ လယ်သမားများးကလည်း သူတို့ပိုင် လယ်မြေများကို ငွေကြေးပြည့်စုံပြီး ကမ္ဘာပျက်ဟောကိန်းအပေါ် အယုံအကြည့်နည်းသူများထံ ရသလောက်ဖြင့် ရောင်းစားနေကြသည်။

အချို့ကလည်း ရေဘေးဒဏ်မှ လွတ်၍ အသက်ရှင်လိုရှင်ငြား တောတောင်များရှိရာသို့ အစုလိုက်အပြုံလိုက် ပြောင်းရွေ့နေကြ၏။ ပြင်သစ်နိုင်ငံ တူးလူးမြို့မှ ဆရာဝန်တစ်ဦးက ရိက္ခာများနှင့် မိသားစုတစ်စုလုံးဆန့်မည့် ရေလုံ ”အဲ့လ်ပ်” ခေါ် လှေကြီး တစ်စီးတည်ဆောက်ခဲ့မှုကြောင့် အမှတ်တရ နာမည်ကြီးခဲ့သေးသည်။

ယခုခေတ်လူများ ဗုံးဒဏ်ကာကွယ်နိုင်ရန် ကြိုးစားကြသကဲ့သို့ တောင်ပေါ်ဂူကြီးများကို ရှာဖွေ၍ အလုအယက်ပြုပြင်သူလည်း များပြားသဖြင့် လိုဏ်ဂူကြီးများတွင်လည်း လူပြည့်နေကြ၏။

ပါမောက္ခကြီး၏ ဟောကိန်းအတိုင်း ဖေဖော်ဝါရီလကား နီးသထက်နီးလာပြီ။ လူတို့၏ စိတ်ကူးတည့်ရာ အပြုအမူများ “ပုထုဇနော ဥမ္မတ္တကော” ဟူသော စကားအတိုင်း ရူးသွပ်မှု အရှိန်အဟုန် တစ်နေ့တစ်ခြား မြင့်တက်လာနေ၏။

ဤလိုနှင့် နေလားညလားဖြစ်နေသော ဖေဖေါ်ဝါရီလကို ကျော်လွန်သွားလေသည်။ မည်သည့်ကပ်ဘေးမှ မကြုံလိုက်ရဘဲ ထိုကာလကို ကျော်ဖြတ်နိုင်ခဲ့သည်။

ထိုအခါ ပါမောက္ခကြီး စတော့ဖလာသည် ကိုလံဘတ်ခရီးစဉ်အတွက် ဇယားရေးဆွဲပေးခဲ့သူ ဂျာမန်လူမျိုးနာမည်ကျော် သင်္ချာပညာရှင်နှင့် နက္ခတ္တဗေဒပညာရှင်ဖြစ်သူ ရေဇီယိမွန်တေနပ်စ်နှင့် ပူးပေါင်းကာ သူ၏ ဟောကိန်းကို ပြင်ဆင်ထုတ်ပြန်ခဲ့ပြန်သည်။ သူတို့က ကမ္ဘာပျက်မည့်နှစ် အသစ်သည် ၁၅၈၈ ခုနှစ်ဟု ဆိုပြန်သည်။

သူတို့၏ ဟောကိန်းတွင် “၁၅၈၀ ပြည့်ကျော်ပြီးနောက်ထပ် ၈ နှစ်အကြာ ခရစ်တော်မွေးဖွားသည့် နှစ်ပတ်လည်နေ့တွင် ကမ္ဘာကြီးသည် ဖုန်မှုန့်များအတွင်း ပျောက်ကွယ်သွားလိမ့်မည်။ ထိုသို့ မဟုတ်လျှင်တောင်မှ လူသားတို့သည် အကြမ်းဖက်မှုမျိုးစုံကြောင့် နိုင်ငံများသည် ပြိုကွဲသွားကြလိမ့်မည်။ လူသားမျိုးနွယ်တို့ အတိဒုက္ခမျိုးစုံနှင့် ကြုံတွေ့ကြရလိမ့်မည်” ဟု ဖော်ပြထားလေသည်။


နာမည်ကျော် နော့စ်ထရာဒေးမတ်စ် ဟောကိန်း
အလားတူ ကမ္ဘာပျက် ဟောကိန်းမျိုးကို ၁၆ ရာစုအတွင်း၌လည်းအများအပြား တွေ့ခဲ့ကြရသည်။ ပြင်သစ်လူမျိုး ကျမ်းပြုဂ္ဂိုလ် ဆိုင်မွန်ဂေါလတ် (၁၅၄၃ - ၁၆၂၈) ၏ ဟောကိန်း၊ နက္ခတ္တဗေဒပညာရှင် ဆိုင်ပရီယန်လီယိုဝစ်ဇ် (၁၅၂၄ - ၁၅၇၄) ၏ ဟောကိန်း၊ သူနှင့် ခေတ်ပြိုင်ပညာရှင် လူးဝစ်ဂိုင်ယွန်၏ ဟောကိန်း၊ ပြင်သစ်လူမျိုး ရူပဗေဒ ပညာရှင်နှင့် နက္ခတ္တဗေဒပညာရှင်တို့၏ ဥသျှောင်ပုဂ္ဂိုလ်ကြီး နာမည်ကျော် နော့စ်ထရာဒေးမတ် (၁၅၀၃ - ၁၅၆၆) ၏ ဟောကိန်းတို့မှာလည်း ထိုစဉ်က အထူးနာမည်ကြီးခဲ့သည်။ “စင်ကျူရီစ် ၁၅၅၅” ဟုခေါ်သော နော့စ်ထရာဒေးမတ်စ် ကဗျာဖွဲ့စပ်ဆိုထားသည့် ဟောကိန်းကြီးကို ယခုတိုင် ယုံကြည်သူများ ရှိနေကြဆဲ ဖြစ်လေသည်။ သူ၏ အဆိုအရ ထိုအချိန်က အီစတာပွဲတော် ကျင်းပရက်လည်းဖြစ်၊ သူတော်စင်ယောဟန်၏ နေ့လည်းဖြစ်သော ဧပြီး ၂၅ ရက်နေ့မျိုးမှာ ကမ္ဘာကြီး ပျက်စီးသွားလိမ့်မည်ဟုဆိုသည်။ သို့သော် သူ၏ ဟောကိန်းကို ဝေဖန်သူတစ်ဦး ပေါ်လာသည်။

ပြင်သစ် နက္ခတ္တဗေဒပညာရှင် ကင်မီလီဖလမ်မေရီယွန် (၁၈၂၄ - ၁၉၂၅) က “နော့စ်ထရာဒေးမတ်စ်ဟာ ၁၅၆၆ ခုနှစ်မှာ ကွယ်လွန်သွားတာဖြစ်တာကြောင့် သူဟာ ၁၅၈၂ ခုနှစ်မှာမှ ပြက္ခဒိန်ကို အမှန်အတိုင်း ပြင်ဆင်ရေးဆွဲချိန်မှာ သူမရှိတော့ဘူး။ ဒါကြောင့် သူ့ဟောကိန်းတွေဟာ မမှန်ကန်နိုင်ပါဘူး” ဟု ဆိုခဲ့ပြန်သည်။

အီစတာပွဲတော် ဧပြီလ ၂၅ ရက်နေ့တွင် ကျရောက်နိုင်သော ရက်စွဲများဖြစ်သည့် ၁၆၆၆ ခုနှစ်၊ ၁၇၃၄ ခုနှစ်၊ ၁၈၈၆ ခုနှစ်၊ ၁၉၄၃ ခုနှစ်များတွင် ဖြစ်နိုင်ပါသည်ဟု ဆိုခဲ့သည်။ သို့သော် ဖြစ်မလာခဲ့ပါ။ နော့စ်ထရာဒေးမတ်စ်နှင့် ဖလမ်မေရီယွန်တို့ကို ယုံကြည့်သူများကမူ နောက်ဆုံးဖြစ်နိုင်ခြေရှိသည့် နှစ်တစ်နှစ်ကျန်သေးသည်။ ကမ္ဘာပျက်မည့်နှစ်သည် ၂၀၃၈ ခုနှစ်ဖြစ်လိမ့်မည်ဟု ဟောကိန်းထုတ်ထားပြန်လေသည်။

သူတို့၏ ကမ္ဘာပျက်မည့် အရေးတွေးပူမှုများသည် ကြယ်တံခွန်ချဉ်းကပ်လာချိန်၊ နေလကြတ်ချိန်၊ ကြယ်တံခွန်အသစ် ပေါ်ထွန်းလာချိန်၊ ဥက္ကာပျံများ အစုလိုက်ကျလာချိန်၊ မီးတောင်ပေါက်ခြင်း၊ ငလျင်လှုပ်ခြင်း ဖြစ်သည့်အချိန်များတွင် အရှိန်အဟုန် မြင့်တတ်လာတတ်ပါသေးသည်။

ပြီးခဲ့သည့် ၂၀ ရာစုနှစ်သည်လည်း ကမ္ဘာပျက် ကြောက်ရွံ့စိတ်နှင့် မကင်းကွာခဲ့ပါ။ ၁၉၁၀ ခုနှစ်က သိပ္ပံပညာရှင်များ၏ “ကျွန်တော်တို့ ကမ္ဘာမြေကြီး ဟေလီကြယ်တံခွန် အမြီးပိုင်းအတွင်း ဖြတ်သန်းကျရောက်လိမ့်မည်” ဟူသော ဟောကိန်းကို အထူးတုန်လှုပ်ခဲ့ကြရပါသေးသည်။ ဟေလီကြယ်တံခွန်အမြီးတွင် ပါဝင်သော အဆိပ်ငွေ့များကြောင့် ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါအားလုံး အဆိပ်မိပြီး သေဆုံးကုန်နိုင်ကြောင်း စာအုပ်စာစောင်များတွင် ပါလာခြင်းကြောင့် အထူးကြောက်ရွံ့ခဲ့ကြသည်ကို တွေ့ရပါသည်။

သြစတြေးလျနိုင်ငံထုတ် ဂျာနယ်များနှင့် ဆစ်ဒနီမြို့တော်ထုတ် စာနယ်ဇင်းများတွင် ကြယ်တံခွန်အမြီးအတွင်း ကမ္ဘာကြီး ဝင်ရောက်မည့်နေ့တွင် နိုင်ငံသူနိုင်ငံသားများ အိမ်တွင် အလုံပိတ်ခန်းများတွင် ပြင်ဆင်ပြီး အကာအကွယ်ယူ နေထိုင်ကြဖို့ တရားဝင်ရေးသား သတိပေးချက်များ ထုတ်ပြန်ခဲ့သည်ကိုပင် တွေ့ရသည်။

၁၉၄၅ ခုနှစ်တွင် အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားရှိ ပုရောဟိတ်တစ်ဦးကလည်း ထိုအချိန်မတိုင်မီ ၇ နှစ်ခန့်ကတွက်ချက်မှုအရဟုဆိုကာ ကမ္ဘာကြီးပျက်မည့်နေ့ကို နေ့ရက်နာရီမိနစ်အတိအကျ ပေးခဲ့လေသည်။ သို့သော် ဘာမှဖြစ်မလာ သဖြင့် သူ၏ တပည့်များက အချိန်ကို ရွှေ့ဆိုင်းပေးခဲ့ပြီး စိတ်ရှည်ရှည်စောင့်ကြည့်ဖို့ နှစ်သိမ့်ခဲ့ကြ၏။


အိန္ဒိယပညာရှင်တို့၏ ဟောကိန်း
အလားတူ ကြောက်မက်ဖွယ် ဟောကိန်းမျိုးကို အာရှတိုက်တွင် အိန္ဒိယနိုင်ငံမှ နက္ခတ္တ ဗေဒင်ပညာရှင်များက ဟောကိန်းထုတ် ခဲ့ကြသဖြင့် တစ်ကမ္ဘာလုံးအထူး တုန်လှုပ်သွားခဲ့ရပြန်သည်။

၁၉၆၂ ခုနှစ်စောစောပိုင်းတွင် နာမည်ကြီး အိန္ဒိယနက္ခတ်ပညာရှင်များက ဂြိုဟ်ကြီး ၅ လုံးသည် နေ၊ လတို့ နှင့်တကွ အခြားဂြိုဟ်ရံများပါ ကောင်းကင်တွင် တန်းစီ၍ ရှိနေကြသဖြင့် ကမ္ဘာကြီးပျက်မည်ဟု အခိုင်အမာ ဟောကိန်းထုတ်ခဲ့ကြသည်။ ရှားရှားပါးပါး ဂြိုဟ်များစုပြီး “ပူး” သည်ဟု ဆိုကာ လူသားတို့၏ ကံကြမ္မာကို နိမိတ်ဖတ်ကြသဖြင့် သတင်းစာများတွင် ကမ္ဘာအနှံ့ ဖေါ်ပြခဲ့ကြသည်။

နေ၊ လနှင့် ဂြိုဟ်ကြီး ၅ လုံးတို့ ထိုနှစ် ဖေဖေါ်ဝါရီလ ၃ ရက်နေ့ ညနေ ၅ နာရီ ၃၅ မိနစ်မှ ဖေဖေါ်ဝါရီလ ၅ ရက်နေ့ညနေ ၅ နာရီ ၄၇ မိနစ်အထိ ကောင်းကင်တွင် တန်းစီပြီး သေခြာပေါက် ကမ္ဘာပျက်မည့် ကပ်ဘေးကြီးများ ဆိုက်ရောက်မည်ဟု ဟောခဲ့ကြခြင်းဖြစ်သည်။

“နောက် ၃ ရက်ကြာလျှင် ကမ္ဘာပေါ်ရှိ တစ်ထောင်သော ထီးဆောင်းမင်းအပေါင်းတို့၏ သွေးကို ကမ္ဘာသူ ကမ္ဘာသားတို့က ရေအဖြစ် အသုံးတော်ခံသည်ကို တွေ့ကြရလိမ့်မည်။” ဟုပင် ဟောကိန်းထုတ်ခဲ့ကြသည်။

ထိုသတင်းသည် အိန္ဒိယ သတင်းစာများတွင် စတင်ပါရှိခဲ့ကြပြီး ချက်ချင်ကမ္ဘာတစ်လွှား ပျံ့နှံ့သွားခဲ့ကြသည်။ အထူးသဖြင့် အိန္ဒိယ သာမက၊ အိန္ဒိယနှင့် နယ်မြေချင်း ဆက်စပ်နေသောနိပေါလ်၊ ဘူတန်၊ ကက်ရှ်မီးယားနယ်မြေများတွင် အတော်လှုပ်လှုပ်ရွရွ ဖြစ်ခဲ့ကြသည်။

နိပေါလ်နိုင်ငံ ခတ္တမန္တူမြို့တော်တွင် လူထုမှာ ထိန်းမနိုင် သိမ်းမရ ကြောက်လန့်နေကြခြင်းကြောင့် အစိုးရ တာဝန်ရှိသူများက ဂျစ်ကားများဖြင့် လှည့်လည်ပြီး အသံချဲ့စက်များဖြင့် ထိန်းပေးခဲ့ရသည်။

အခြေအနေသည် အေးချမ်းစွာ ပြီးဆုံးသွားမည်ဖြစ်ကြောင်း ကိုလည်း ကြိုးစားပြီး လူထုအား နှစ်သိမ့်ခဲ့ကြရသည်။
အမှန်မှာ ဗေဒင်ဆရာတို့၏ နောက်လိုက်များကိုယ်တိုင်ကပင် ရေကြီးမည်လော၊ ငလျင်လှုပ်မည်လော၊ ကမ္ဘာစစ်ကြီးဖြစ်မည်လော တိတိကျကျ မသိခဲ့ကြရပေ။ ပြည်သူပြည်သား အများစုကမူ အိမ်ကြီးအိမ်ကောင်းများပေါ်တွင် မနေကြတော့ဘဲ ကွင်းပြင်များတွင် တဲထိုး၍ ငလျင်ဒဏ်ခံနိုင်အောင် ပြုပြင်နေထိုင်ခဲ့ကြရင်း ကမ္ဘာပျက်မည်ဆိုသော ရက်ကို စောင့်စား ခဲ့ကြလေသည်။

၁၉၆၂ ခုနှစ် ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင် ဂြိုဟ်များ ပူးနေစဉ်အတွင်း ပစိဖိတ်ဒေသ ကောင်းကင်ပေါ်တွင် နေကြတ်ခဲ့သည်။ နေကြတ်သည်ကို အိန္ဒိယနယ်မြေပေါ်မှ မမြင်ရလင့်ကစား အိန္ဒိယနက္ခတ်ဗေဒင် ပညာရှင်များက ရာဟုမြွေနဂါးကြီးက တနင်္ဂနွေ ဂြိုဟ်မင်းကို မျိုချလိုက်ခြင်းဖြစ်ကြောင်းနှင့် ကံကြမ္မာဆိုးများ ဆက်တိုက် ဝင်လာစရာရှိကြောင်း ဟောကိန်းထုတ်ကြပြန်၏။ သို့ဖြစ်၍ ဟိန္ဒူဘုန်းတော်ကြီးများက အိန္ဒိယနိုင်ငံသားများအား စုပေါင်းဆုတောင်းခြင်းဖြင့် ကံကြမ္မာဆိုးများကို မုချဖယ်ရှားနိုင်သည့်နည်းလမ်း ရှိပါ သေးသည်ဟု လိုက်လံဟောပြောထိန်းသိမ်းခဲ့ကြရပြန်သည်။

ထိုနေ့များကို လွန်မြောက်ခဲ့သော်လည်း ကမ္ဘာကြီးကား ဘာမျှမဖြစ်ခဲ့။ ဘာသာတရားအသီးသီး၏ လမ်းညွှန်ချက်များကို လူတို့က မိမိဘာသာ ကောက်ချက်ဆွဲမှားယွင်းခြင်း၊ အစဉ်အဆက် နက္ခတ္တဗေဒကျွမ်းကျင်သည်ဆိုသူ ပညာရှင်များ၏ ကြယ်တံခွန် ဂြိုဟ်ပဲ့များ တိုက်ခိုက်မည်ဆိုသည့် အန္တရာယ်ကို လွန်ကဲစွာ ကောက်ချက်ဆွဲခြင်း၊ ဗေဒင်ဆရာများ၏ ကံကြမ္မာအယူအဆကို ယုံကြည်မှု လွန်ကဲခြင်းတို့ကြောင့် ကမ္ဘာပျက်မည်ဟူသော အယူအဆသည် လူသားတို့၏ စိတ်အစဉ်တွင် ကိန်းဝပ်နေခဲ့ကြခြင်းဖြစ်ပေသည်။

သို့သော်လက်တွေ့တွင် အကြိမ်များစွာ လွန်မြောက်ကျော်လွှားနိုင်ခဲ့ပြီးဖြစ်၍ အဆိုးထဲမှ အကောင်းသင်ခန်းစာ ရရှိခဲ့ကြပြီး ဖြစ်သည်။ ၂၀ ရာစုတွင် သဘာဝကြောင့် မဟုတ်ဘဲ လူတို့၏ ပယောဂကြောင့် ကမ္ဘာပျက်မည့်အရေးကို တွေးပူခဲ့ကြခြင်းမှာ အဓိကဖြစ်သည်။ အဏုမြူဗုံး အန္တရာယ်နှင့် ကမ္ဘာစစ်ဖြစ်မည့်ဘေးကို ကြောက်ရွံ့ခဲ့ကြခြင်းဖြစ်သည်။ ယခု ၂၀ ရာစုအကုန်တွင် ထိုစိုးရိမ်စိတ်များ ပျက်သုဉ်းခဲ့ကြပြီး ဖြစ်လေသည်။

သို့တိုင်အောင် ကမ္ဘာပျက်မည့် အရေး တွေးပူမှုများ လုံးဝဆိတ်သုန်းသွားပြီဟု ဆိုနိုင်ပါပြီလား။ ..