Wednesday, July 29, 2009

အမေ

အမေ...

ခလုတ်ထိမှ 'တ'မိသတဲ့လား.....?


ကုန်းတတန်ရေတတန်နဲ့

အမေ့ရင်ကိုကန်ပြီး ပျံနေတဲ့

ကျွန်တော်ဆိုတဲ့ကောင်က

တခါတလေ

အမေ့ကိုသတိရတဲ့စိတ်တွေက

မိုက်တွင်းခက်နက်နက်ကမတက်နိုင်ပြန်ဘူး.....။


စာကြည့်စားပွဲရှေ့နာရီဝက်လောက်ထိုင်ရင်

ခါးညောင်းနေတတ်တဲ့ကျွန်တော်

ကျွန်တော့်တသက်အပ်ချုပ်စက်ပေါ်ကမထတဲ့

အမေ့ရဲ့ဝေဒနာကိုကိုယ်ချင်းမစာခဲ့ဘူး.....။


စာနှစ်မျက်နှာလောက်ဖတ်ရင်

မျက်ရိုးတွေကိုက်တယ်လို့ကိုယ်ကိုကိုယ်သနားနေတဲ့ကျွန်တော်က

ဖယောင်းတိုင် မီးမှိန်မှိန်အောက်အတင်းစူးစိုက်အလုပ်လုပ်နေတတ်တဲ့

မျက်မှန်ထူထူနဲ့ မေမေကိုမေ့နေတတ်တယ်.....။


မိခင်မေတ္တာဆိုတဲ့အပ်တစ်စင်းနဲ့

လောကဓံဆိုတဲ့တောင်ကိုဖောက်ထွင်းခဲ့တယ်

ဒဏ်ရာတွေအထပ်ထပ်နဲ့လဲပြိုလုမတတ်ဖြစ်နေတောင်

သားတို့ကိုပေးတဲ့မေတ္တာအလင်း

မှိန်ဆင်းမသွားဘူး.....။


တသက်လုံးအမေခူးခပ်ကျွေးတာကို

အသင့်လက်ဆေးစား

အမေ့ကို ကျေးဇူးတင်စကားမပြောခဲ့တဲ့ကောင်လေ.....။


ကျွန်တော်တို့ ရင်ထဲကအပူတွေသာ အမေ့ဆီကူးလို့

အမေကတော့ အပူတွေမြိုချ

အပြုံးတွေသာ ထုတ်ပြခဲ့တယ်...။

မိုနာလီဇာလို အမေမပြုံးတတ်ပေမယ့်

ကျွန်တော်ရင်ဘတ်ကပြတိုက်မှာတော့

အမေ့အပြုံးဟာ တန်းဖိုးဖြတ်မရဘူးလေ.....။


အမေရေ...

ကျွန်တော်သိပြီ

ဒီကမ္ဘာမှာ'မိခင်မေတ္တာ' ကို တိကျစွာဖော်ပြနိုင်တဲ့ ဘာသာစကား

မထွန်းကားသေးဘူးဆိုတာ.....။


တကယ်တော့

''မိခင်''ဆိုတာ...

ရယူခြင်းတွေကိုပစ်ပယ်

ပေးဆပ်ခြင်းတွေမှာ အမြစ်တွယ်နေသူပါ.....။


(အမေ့များနေ့ အမှတ်တရ)

Friday, July 24, 2009

ယုံကြည်ချက်

ပိုးဖလံတစ်ကောင်ဟာ

သူ့ ယုံကြည်မူ့ အတွက် မီးကိုတိုးတာကို

'မိုက်မဲမူ့ 'လို့

ကျေးဇူးပြုပြီး ခေါင်းစဉ်မတပ်ပါနဲ့.....။


ခင်ဗျာတို့ ရှေ့မှာ

တောင်ကိုအပ်နဲ့ထွင်းနေတဲ့ သူရူးတစ်ယောက်ကိုတွေ့ရင်

'အချည်းနှီး' လို့

အလွယ်တကူမဝေဖန်ပါနဲ့.....။


မျှော်လင့်ချက် ဆိုတာကိုဖမ်းဆုပ်

ပင်လယ်ကို လက်ဝါးနဲ့ခပ်ထုတ်နေတဲ့သူကိုတွေ့ ရင်လဲ

'မဖြစ်နိုင်တာ' ဆိုပြီး နှာခေါင်းမရှုပ်ပါနဲ့.....။


ယုံကြည်ရာ လျှောက်တဲ့လမ်းမှာ

တနေ့ ဘယ်ပန်းမဆို လန်းမှာပဲ.......။



Tuesday, July 21, 2009

နိစ္စဓူဝ...

အမှန်တရားတွေနဲ့ နေထွက်ပြီး

မင်နီတွေဗရပွနဲ့ နေ၀င်တယ်...

မျှော်လင့်ချက်တွေနဲ့ မျက်နှာသစ်ပြီး

ကံဆိုးခြင်းတွေနဲ့ အိပ်ယာဝင်တယ်.....။


သင်ကြုံဖူးပါသလား...?

ထိုင်နေရင်ကောင်းမှန်းသိလျှက်

ငြိမ်နေလို့ မရတဲ့ ပြိုင်ပွဲတွေ...

ဒါမှမဟုတ်

ထသွားရင် ကျိုးမယ်မှန်းသိလျှက်

ပိုးဖလံတစ်ကောင်လို မီးကိုတိုးခဲ့ရတာတွေ...

ရုန်းကန်မှုတွေ ဘယ်လောက်စိုက်ပျိုးစိုက်ပျိုး

အမှားအယွင်းတွေနဲ့ ပဲ တိုးလို့

အနာဂတ်ဟာ

ခုထိ တစိမ်ဆန်တုန်း.....။


အဲ့ဒီလို့ နဲ့

အရှုံးတွေနဲ့ မျက်စိမဖွင့်ခင်

အောင်မြင်မှုတွေကို အိပ်မက်ထဲထည့်မက်လိုက်တယ်.....။